Monday, December 29, 2008

မဟီမြစ်ကမ်းမှ ကျူးရင့်သံ


29.12.2008


ဥဒါန ဆိုတဲ့ ပါဠိစကားလုံးကို မြန်မာသက် ဝေါဟာရအနေနဲ့ ဥဒါန်းလို့ခေါ်ပါတယ်၊ ဥဒါန်းဆိုတာ ကိုယ့်အလုပ်တခု (သို့မဟုတ် ) ကိုယ့်အောင်မြင်မှု တစ်ခုကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်လိုက်ရ လုပ်လိုက်ရလို့ စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ပျော်ရွှင်မှုတွေ စိတ်ထဲမှာတင် သိမ်းဆည်း မထားနိုင်တော့ဘဲ အပြင်ဖက်ကို အန်ထုတ်လိုက်တာကို ဥဒါန်းလို့ ခေါ်ပါတယ်၊ ဒါကိုပဲ မြန်မာတွေက ကျူးရင့်ဆိုတဲ့ စကားလုံးနဲ့တွဲပြီး ဥဒါန်းကျူးတယ်လို့ ပြောဆိုကြပါတယ်၊

တခါတရံ ကိုယ့်ရဲ့အဆင်ပြေမှုလေးတွေ များလာတဲ့ အခါမှာ ဒီနေ့တော့ ပျော်တယ်ဟေ့ ဆိုပြီး ကိုယ့်ဟာကိုယ် ကျေနပ်လွန်းလို့( စိတ်ထဲမှာ သိမ်းဆည်းမထားနိုင်တော့ဘဲ) အပြင်ဖက်ကို ထုတ်ပြောလိုက်တာဟာ ဥဒါန်းကျူးရင့် ခြင်းတမျိုးပါဘဲ၊

ဘုရားရှင်ကိုယ်တော်တိုင် ဥဒါန်းကျူးရင့်တော်မူခဲ့တဲ့ သာဓကတွေ အများကြီးရှိပါတယ်၊ လေးသင်္ချေ နဲ့ ကမ္ဘာတသိန်း လိုချင်မှုတဏှာကို တွန်းလှန်နိုင်ဖို့ သဗ္ဗညုတဥာဏ်တော်ကို ရဖို့ကြိုးစားလာခဲ့တာ လိုချင်မှုတဏှာကို တွန်းလှန်နိုင်တဲ့ (ဘုရားအဖြစ်ကိုရောက်တော်မူတဲ့)နေ့မှာ အနေက ဇာတိသံသာရံ စတဲ့ ဥဒါန်းကို ကျူးရင့်တော်မူခဲ့ပါတယ်၊ ဘ၀များစွာ သံသရာကို ကျင်လည်စေတဲ့ ဒီတဏှာလက်သမားကို ဒီနေ့တော့ ငါချိုးဖြတ်နိုင်ခဲ့ ပြီဆိုပြီး ဥဒါန်းကျူးရင်တော်မူခဲ့တာပါ၊

အခုလည်း စာဖတ်သူတို့ကို ဝေငှချင်တာက မဟီမြစ်ကမ်းက နွားကျောင်းသား ဓနိယနဲ့ ကိလေသာမရှိသူ ဗုဒ္ဓ တို့ အပြန်အလှန်ကျူးရင့်ကျတဲ့ ဥဒါန်းစကားလေးတွေကို ဓမ္မဒါနဝေငှချင်ပါတယ်၊ ဒါကို ခုဒ္ဒကနိကာယ် ဓနိယသုတ္တန်မှာ ဒီလို ဖော်ပြထားပါတယ်၊

ဓနိယ၊ ၊ ငါသည် ထမင်းချက်ပြီးလေပြီ ၊နွားနို့လည်းညှစ်ယူ ပြီးလေပြီ ၊ မဟီမြစ်ကမ်းနား၌ အခြံအရံနဲ့ နေထိုင်သူ ငါ့အား မီးလည်းထွန်းညှိပြီးလေပြီ ၊ ငါ၏အိမ်ကိုလည်း လုံခြုံစွာ မိုးပြီးခဲ့လေပြီ.. အို… မိုးမင်းဒေ၀ါ ရွာလိုက ရွာချပါလော့။

ဗုဒ္ဓ၊ ၊ ငါသည်အမျက် မထွက်သူဖြစ်၏ ၊ ငါ့၏စိတ်၌ (မကျေနပ်မှု ) ဆူးငြောင့်ကို ပယ်နှုတ်ပြီးသူလည်းဖြစ်၏ ၊ မဟီမြစ်ကမ်း၌ တညတာမျှသာ နေထိုင်သူဖြစ်၏၊ ငါ၏ခန္ဓာအိမ်ကို ဖုံးလွှမ်းနေတဲ့ ကိလေသာ အမိုးကို ဖွင့်လှစ်ခဲ့ပြီး စိတ်ကို ညစ်နွမ်းစေတတ်တဲ့ မီးဆယ့်တပါးကိုလည်း ငြိမ်းအေးအောင်လုပ်ပြီးသူဖြစ်၏ ၊ အို… ကိလေသာတည်းဟူသော မိုးပဇ္ဇုန် သင်ရွာသွန်းလိုမူ ရွာသွန်းလေလော့၊

ဓနိယ၊ ၊ ဤအရပ်၌ မှင်ခြင်တို့ မရှိကုန်၊မြက်ပင်တို့ ပေါ်က်ရောက်ရာ အရပ်၌ နွားတို့ကျက်စားကုန်၏ ထိုနွားတို့သည် မိုးကြီးရွာချလျင် ခံနိုင်ရည် ရှိနေကြသည်၊ အို…. မိုးမင်းဒေ၀ါ ရွာလိုက ရွာချပါလော့၊

ဗုဒ္ဓ၊ ၊ ငါသည် အရိယာမဂ်တည်းဟူသော ဖောင်ကို ကောင်းစွာဖွဲ့ထားပြီးလေပြီ ၊ ဩဃတည်းဟူသော ရေအလျင်ကို ကူးမြောက်၍ နိဗ္ဗာန်ဟူသော တဖက်ကမ်းသို့ ရောက်ပြီးဖြစ်၏၊ ထို့ကြောင့် ငါ့အားဖောင်ဖြင့် အကျိုးမရှိတော့ ၊ အို… ကိလေသာတည်းဟူသော မိုးပဇ္ဇုန်.. သင်ရွာလိုက ရွာသွန်းလေလော့…….

ဓနိယ၊ ၊ ငါ၏အိမ်ရှင်မ ဂေါပီသည် လင့်အလိုကို လိုက်တတ်၏ ၊ လော်လီမှုကင်း၏ ၊ ကာလကြာရှည်စွာ ပေါင်းသင်းခဲ့၏၊ ငါ့ကိုလည်း မြတ်နိုးတတ်၏၊ ထိုမယား၏ အပြစ်ကို တစုံတရာ မကြားခဲ့ဖူး၊ အို…. မိုးမင်း သင်ရွာလိုက.. ရွာပါလေလော၊

ဗုဒ္ဓ၊ ၊ ငါ၏စိတ်သည် ငါ၏အလိုသို့လိုက်၏၊ ကိလေသာအနှောင်အဖွဲ့မှလွတ်၏၊ ကာလကြာရှည်စွာ ပွားများပြီးဖြစ်၍ ကောင်းစွာ ယဉ်ကျေးပြီးဖြစ်၏၊ ထိုကြောင့်ငါ့အား မကောင်းမှုဟူ၍ မရှိတော့ ၊ အို…. မိုးမင်း သင်ရွာလိုက.. ရွာပါလေလော၊

ဓနိယ၊ ၊ ငါသည်ကိုယ်ပိုင် အလုပ်ဖြင့် အသက်မွေး၏၊ သားသမီးတို့သည် အနာရောဂါကင်းစွာ ငါနှင့်နေထိုင်ကြ၏၊ ထိုသားသမီးတို့သည် အပြစ်ကင်းစင်ကြကုန်၏၊ အို…. မိုးမင်းဒေ၀ါ ရွာလိုက ရွာချပါလော့၊

ဗုဒ္ဓ၊ ၊ ငါသည် တစုံတယောက်သောသူ၏ အခစားမဟုတ်၊ သဗ္ဗညုတဥာဏ် လောကုတ္တရာချမ်းသာဖြင့် လောကအားလုံး၌ လှည့်လည်နိုင်သူဖြစ်၏၊ ထို့ကြောင့်ငါ့အား အဖိုးအခဖြင့် အကျိုးမရှိတော့၊ အို…. ကိလေသာတည်းဟူသော မိုးပဇ္ဇုန် ရွာသွန်းလိုက ရွာသွန်းလေလော့၊

ဒီဥဒါန်းတွေကို ကျူးရင့်ရခြင်းရဲ့ အကြောင်းကတော့ မဟီမြစ်ကမ်းမှာ နေတဲ့ ဓနိယတစ်ယောက် ကုဋင်ပေါ်တက် နဖူးပေါ်လက်တင်ပြီး သူရဲ့လုပ်ဆောင်ချက်တွေကို ကျေနပ်လွန်းလို့ အသံကျယ်ကြီးနဲ့ သူဟာသူ ပြောနေတာပါ၊ အဲဒါကို ဗုဒ္ဓမြတ်စွာက သိတော်မူတော့ (သူဒီလို ပြန်ပြောရင် ဓနိယတယောက် အသိဥာဏ်ထူး တရားထူး ရမယ်ဆိုတာ မြငိတော်မူလို့) ဓနိယတယောက် ဥဒါန်းတခု ကျူးရင့်တိုင်း မြတ်စွာဘုရားက ပြန်လည်ကျူးရင့်တော်မူခဲ့တာဖြစ်ပါတယ်၊

မိမိတို့တွေလည်း နှစ်ဟောင်းလုပ်ဆောင်ချက်တွေကို ပြန်လည်တွေးတောရင် ဘယ်လောက်အတိုင်း အတာထိ ဥဒါန်းကျင့်နိုင်မလဲ ဆိုတာ စဉ်းစားသင့်ပါတယ်၊ မကြာမှီရောက်လာတော့မယ် နှစ်သစ်အတွင်းမှာကော ကိုယ့်လုပ်ဆောင်ချက်အတွက် ကျေနပ်လောက်တဲ့ ဥဒါန်းမျိုး ဘယ်လောက်ကျူးရင့်နိုင်မလဲ (ကျေနပ်တဲ့ ဥဒါန်းလေးတွေ ကျူးရင့်နိုင်အောင် ဘယ်လိုပြင်ဆင်ကြမလဲဆိုတာ) စဉ်းစားတွေးတော ပြင်ဆင်ရင်း နှစ်သစ်မင်္ဂလာကို ပျော်ရွှင်စွာ ကြိုဆိုကြပါစို့။

1 comments:

The Bliss Of Emancipation said...

ဘုန်းဘုန်းဘုရား

တပည့်တော် အခုမှ မြတ်စွာဘုရားရဲ့ ဒီဥဒါန်းတော်တွေကို ဖတ်သိရပါတယ်။ အရမ်းကို သဘောကျနှစ်ခြိုက်မိပါတယ်ဘုရား။

ရိုသေစွာရှိခိုးဦးတင်လျက်
ဝိမုတ္တိသုခ